လိင်ဆက်ဆံပြီးချိန်မှာ ကြွက်တက်တာ ဘာကြောင့်လဲ
လိင်ဆက်ဆံပြီးချိန်တွေမှာ ကြွက်တက်တဲ့ ဝေဒနာခံစားရခြင်းကို ဆေးဘက်ဆိုင်ရာမှာတော့ Dyspareunia လို့ခေါ်ပြီး ယေဘုယျအားဖြင့် လိင်ဆက်ဆံပြီးသွားတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေထဲမှာ ပါဝင်ပါတယ်။ ဒီလိုကြွက်တက်တဲ့ အကြောင်းရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် -
၁။ ကြွက်သားနာကျင်ကိုက်ခဲနေခြင်း
လိင်ဆက်ဆံခြင်းဟာလည်း လေ့ကျင့်ခန်းတစ်မျိုးဖြစ်တဲ့အတွက် ဆီးခုံရိုးနှင့် ဝမ်းဗိုက်ကြွက်သားတွေကို ညောင်းညာကိုက်ခဲစေနိုင်ပြီး ကြွက်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုအမျိုးမျိုးဖြစ်နေတဲ့ လိင်ဆက်ဆံနေစဉ်မှာ ကြွက်သားတင်းမာတာ၊ ရေဓာတ်ခန်းခြောက်တာ၊ ပုံမှန်မဟုတ်တဲ့ အနေအထားနဲ့ ဆက်ဆံတာတွေကြောင့် ကြွက်တက်တာပဲ ဖြစ်ပါတယ်။
၂။ လိင်ဆန္ဒ အထွဋ်အထိပ်ရောက်သွားတာ
ယောက်ျားလေးမှာရော၊ မိန်းကလေးမှာပါ လိင်ဆက်ဆံနေရင်း ဆန္ဒအထွဋ်အထိပ်ရောက်သွားတဲ့အခါ ဆီးခုံရိုးမှာရှိတဲ့ ကြွက်သားတွေကို ကိုယ်တိုင်မသိလိုက်မိဘဲ ညှစ်ထားလိုက်မိတဲ့အတွက် ကြွက်တက်တာမျိုး ဖြစ်နိုင်ပါတယ်။
၃။ ဝမ်းပြဿနာရှိခြင်း
အစာခြေစနစ်ကြောင့် ဝမ်းချုပ်တာ၊ လေပွတာတွေဖြစ်ပြီးနောက်မှာ လိင်ဆက်ဆံနေရင်း ဒါမှမဟုတ် လိင်ဆက်ဆံပြီးတဲ့အခါ ဝမ်းဗိုက်မှာ ကြွက်တက်လေ့ရှိပြီး မအီမသာဖြစ်နိုင်ပါတယ်။
၄။ ဆီးလမ်းကြောင်းပြဿနာတွေ ရှိနေခြင်း
လိင်ဆက်ဆံတဲ့အခါ ထိုးသွင်းဆက်ဆံမှုကြောင့် ဆီးအိမ်၊ ဆီးလမ်းကြောင်းမှာ နာကျင်မှု၊ ယားယံမှုဝေဒနာကို ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်း ပိုးဝင်နေတာ၊ ဆီးအိမ်နံရံ ရောင်ရမ်းခြင်း (Cystitis) ပြဿနာတွေ ရှိနေတယ်ဆိုရင် ဆီးခုံရိုးနဲ့ ဆီးလမ်းကြောင်းမှာ ဖိအားဖြစ်စေပြီး နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားရစေနိုင်ပါတယ်။
၅။ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ
ခလက်မီးဒီယား၊ ဆီးပူညောင်းကျ (ဂနို) ရောဂါလို့မျိုး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရှိတဲ့အခါမျိုးမှာ လိင်ဆက်ဆံပြီးနောက် ဝမ်းဗိုက်နာကျင်ကိုက်ခဲတာတွေ ဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေမှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါကြောင့် လိင်ဆက်ဆံအပြီး ဆီးသွားတဲ့အခါ နာကျင်တာ၊ ပုံမှန်မဟုတ်တဲ့ အရည်စိမ့်ထွက်တာမျိုးပါ ဖြစ်နိုင်ပါတယ်။
၆။ စိတ်ဒဏ်ရာတစ်မျိုးမျိုး ရှိနေတာ
စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာတစ်မျိုးမျိုး ရှိနေတဲ့အခါ လိင်ဆက်ဆံနေစဉ် ဒါမှမဟုတ် ဆက်ဆံပြီးသွားတဲ့အခါ နာကျင်ကိုက်ခဲမှု၊ သက်သောင့်သက်သာမဖြစ်မှုတွေကို ခံစားရနိုင်ပါတယ်။ သာမန် စိတ်ဖိစီးမှုများနေတာ၊ စိုးရိမ်ပူပန်မှု များတတ်သူတွေမှာလည်း ကြွက်တက်တာမျိုး ဖြစ်နိုင်ပါတယ်။
၇။ ထိုးသွင်းဆက်ဆံမှု ပြင်းထန်တာ
မိန်းမကိုယ်ထဲ ပြင်းပြင်းထန်ထန် ဒါမှမဟုတ် အဆုံးထိ ထိုးသွင်းဆက်ဆံတာ၊ အကြိမ်ပေါင်းများစွာ ထိုးသွင်းဆက်ဆံခံရတဲ့အခါမှာလည်း ယားယံပြီး နာကျင်ကိုက်ခဲမှုကို ဖြစ်စေနိုင်သလို၊ မဆက်ဆံခင် မိန်းမကိုယ်မှာ ဒဏ်ရာရှိနေတာ၊ ပိုးဝင်နေတာကြောင့်လည်း ပိုဆိုးရွားစေနိုင်ပါတယ်။
၈။ သားဥကြွေချိန် ဖြစ်နေခြင်း
လစဉ်လတိုင်း ရာသီမလာခင် (၂) ပတ်လောက်အလိုမှာ မမျိုးစေ့ကနေ မျိုးအောင်ပြီး သားဥက ကြွေကျနိုင်ပါတယ်။ ဒီလိုကာလမျိုးမှာ လိင်ဆက်ဆံပြီဆိုရင် အနည်းငယ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။
၉။ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေခြင်း
ဆီးခုံရိုးရောင်ရမ်းခြင်း (PID) ၊ မိန်းမကိုယ် အလိုအလျောက်ကျုံ့သွားခြင်း (Vaginismus) ၊ ကင်ဆာမဟုတ်တဲ့ သားအိမ်နံရံကြီးထွားခြင်း (Fibroids) ၊ ဆီးကျိတ်ကြီးခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လိင်ဆက်ဆံနေစဉ်နဲ့ ဆန္ဒအထွဋ်အထိပ်ရောက်ပြီးချိန်မှာ သက်သောင့်သက်သာမဖြစ်တာ၊ ယားယံတာ၊ နာကျင်ကိုက်ခဲတာ၊ အောင့်သက်သက် ဝေဒနာခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။
အကယ်လို့ လိင်ဆက်ဆံပြီးတဲ့နောက်မှာ မကြာခဏဆိုသလို ကြွက်တက်တတ်တယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသစစ်ဆေးကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်